1.
အချစ်က နုပျိုစေနိုင်တယ်
အချစ်နဲ့ကြုံတွေ့တဲ့အခါ
ထွက်ပေါ်လာတဲ့ Endorphin ဟော်မုန်းတွေဟာ အရေပြားဆီသို့ သွေးစီးဆင်းမှုကို
များစေပါတယ်။ အဲဒီအခါ အရေပြား နူးညံ့ချောမွေ့ကာ အရေးကြောင်းတွေ
လျော့နည်းလာစေပါတယ်။ သွေးရောက်ရှိမှု များတဲ့အခါ အရေပြားဆဲလ်ဆီသို့ လိုအပ်တဲ့ အောက်ဆီဂျင်တို့ပါ
ပိုရောက်ရှိလာတာကြောင့် အသားအရေပိုပြီး ကြည်လင်ဝင်းပ လာနိုင်ပါတယ်။ ဒါ့အပြင်
ချစ်ခြင်းမေတ္တာကို ခံစားရတဲ့အခါ နုပျိုအသက်ရှည်တဲ့ ခံစားမှုမျိုး ဖြစ်ပေါ်စေနိုင်တဲ့
ဇရာအန်တုတဲ့ ဟော်မုန်း DHEA (dehydro-piandrosterone) လည်း ထွက်ရှိလာပါတယ်။
ကိုယ်ချစ်တဲ့သူအပေါ် ဂရုစိုက်စောင့်ရှောက်ကာ မေတ္တာထားခြင်းဖြင့်လည်း
အိုမင်းရင့်ရော်မှု ဖြစ်စဉ်ကို နှေးကွေးစေပါတယ်။ ဒါကြောင့် စိတ်ကောင်း
စေတနာကောင်းနဲ့ မေတ္တာထားတတ်သူတွေဟာ နုပျိုကြတာပဲ ဖြစ်ပါတယ်။
2.
အချစ်က အသက်ရှည်စေနိုင်တယ်
လေ့လာချက်တွေအရ
အချစ်နဲ့ကင်းကွာသူတွေဟာ အထီးကျန်ဆန်ကြပြီး စောစောစီးစီး သေဆုံးမှု ဖြစ်နိုင်ခြေ
ငါးဆပိုများတာ တွေ့ရပါတယ်။ အထီးကျန်ဆန်ခြင်းက စိတ်ဆင်းရဲမှု၊ စိတ်ဓာတ်ကျမှု
ဖြစ်ပေါ်စေပြီး ရောဂါမျိုးစုံ ၀င်ရောက်လာနိုင်ပါတယ်။ ဒါ့အပြင် လေ့လာချက် တချို့အရ
အိမ်ထောင်သည်တွေက ပိုပြီး အသက်ရှည်ကြောင်း တွေ့ရပါတယ်။ အိမ်ထောင်ပြုလိုက်ပြီဆိုက
အိမ်ထောင်သုခအပြင် အချင်းချင်း အပြန်အလှန် နားလည်ပေးမှု၊ ငွေကြေးဆိုင်ရာ
ထောက်ပံ့မှုနှင့် အသက်ကြီးတဲ့အခါမှာလည်း ကိုယ့်ကို ပြုစုစောင့်ရှောက်မယ့်
သားသမီးများ ရှိမှုတို့ကြောင့် အသက်ရှည်ဖို့ အခွင့်အလမ်း ပိုများသွားရတာ
ဖြစ်နိုင်ပါတယ်။
3.
အချစ်က ကိုယ်ခံအားကောင်းစေနိုင်တယ်
အချစ်စစ်
အချစ်မှန်ကို ခံစားနေရချိန်မှာ စိတ်ဖိစီးမှု၊ စိတ်ပူပန်မှု ၊စိတ်ဓာတ်ကျမှုတွေကို
လျှော့ချပေးတာကြောင့် ကိုယ်ခံစွမ်းအားကို အလိုလိုမြှင့်တင်ပြီးသား ဖြစ်သွားပါတယ်။
ဘာကြောင့်လဲဆိုတော့ စိတ်ဖိစီးမှုဖြစ်တဲ့အခါ Cortisol ဟော်မုန်းထွက်လာကာ ကိုယ်ခံအားကိုသွားပြီး
ဖိနှိပ်လေ့ရှိတာကြောင့်ပါ။ ကိုယ်ခံအားကောင်းပါက အအေးမိတုပ်ကွေးရောဂါ တော်ရုံနဲ့
ဖြစ်မလာတော့ပါဘူး။
4.
အချစ်က သွေးတိုး ကာကွယ်ပေးတယ်
ပွေ့ဖက်ထိတွေ့ခြင်းက
ကျန်းမာရေးအတွက် အကျိုးပြုပါတယ်။ လေ့လာချက်အရ တစ်ယောက်နဲ့တစ်ယောက်
ပွေ့ဖက်ခြင်းဖြင့် စိတ်ဖိစီးမှုဟော်မုန်း (Cortisol) ပမာဏလျော့ကျပြီး
သွေးပေါင်ချိန် လျော့ကျကာ ချစ်ခင်တွယ်တာမှု ဖြစ်ပေါ်စေတဲ့ Oxytocin ဟော်မုန်းပမာဏ
များပြားလာတာ တွေ့ရပါတယ်။ ဒါကြောင့် ကိုယ်ချစ်တဲ့သူကို မကြာခဏ ပွေ့ဖက်ခြင်းဖြင့်
သွေးတိုးရောဂါကို ကာကွယ်ရာ ရောက်ပါတယ်။
5.
အချစ်က နှလုံးအတွက်ကောင်းစေတယ်
သင်စိတ်ဝင်စားသူနဲ့
စကားပြောဆိုတဲ့အခါ ဦးနှောက်ကနေပြီး သတိထားမိကာ နှလုံးဆီ အချက်ပြလိုက်တာကြောင့်
နှလုံးဟာ ပုံမှန်ထက် သုံးဆလောက် ခုန်လာတတ်ပါတယ်။ ဒါကို ရင်ခုန်တယ်လို့
ခေါ်ကြပါတယ်။ အဲဒီအခါ ခန္ဓာကိုယ်ဆီသွေး စီးဆင်းမှု များပြားလာတာကြောင့် ပါးမှာ
ရှက်သွေးဖြန်းတာပါ ဖြစ်လာတတ်ပါတယ်။ ဒါ့အပြင် အိမ်ထောင်သည် အမျိုးသားတွေကို
လေ့လာချက်အရ ကိုလက်စထရောများ၊ သွေးပေါင်ချိန်များပြီး ဆီးချိုရောဂါ ရှိနေတာတောင်မှ
ဇနီးမယားတွေရဲ့ ချစ်ခင်လေးစားမှုခံရတဲ့ အမျိုးသားတွေဟာ ဇနီးမယားတွေက
ကိုယ့်ကိုမချစ်သလိုဘဲဟု ခံစားနေရတဲ့ အမျိုးသားတွေနဲ့ယှဉ်ရင်
နှလုံးသွေးကြောကျဉ်းရောဂါ ဖြစ်နိုင်ခြေ လျော့နည်းတာကို တွေ့ရပါတယ်။
6.
အချစ်က ကိုလက်စထရောပမာဏ လျှော့ချပေးတယ်
ချစ်ခြင်းမေတ္တာနဲ့ပတ်သက်ပြီး
ခံစားရသမျှကို ဖွင့်ဟ၀န်ခံခြင်းဟာ ကိုလက်စထရော ပမာဏကို လျော့ကျစေနိုင်ကြောင်း
တွေ့ရပါတယ်။ လေ့လာချက်တစ်ခုအရ သူငယ်ချင်းတွေ၊ အမျိုးတွေဆီကို ဒါမှမဟုတ်
ကိုယ့်ချစ်သူကို ချစ်ခြင်းမေတ္တာနဲ့ ပတ်သက်ပြီး ခံစားရသမျှ စာရွက်ထဲချရေးကာ
ပို့ပေးခြင်းဖြင့် သွေးတွင်း ကိုလက်စထရော ပမာဏ လျော့ကျလာတာကို တွေ့ရပါတယ်။
7.
အချစ်က နာကျင်မှုကို သက်သာစေ နိုင်တယ်
ဖိုမအချစ်ကပဲ
ကျန်းမာရေးကို ကောင်းစေတာမဟုတ်ပါ။ ဘယ်သူ့ကိုမဆို ဂရုစိုက်မေတ္တာထားပါက
ကျန်းမာရေးအတွက် ကောင်းပါတယ်။ စေတနာ့ဝန်ထမ်း အလုပ်လုပ်သူတွေ၊ မေတ္တာရှေ့ထားပြီး
အလုပ်လုပ်သူတွေမှာ စိတ်ဖိစီးမှုကြောင့် ဖြစ်ပေါ်လာတဲ့ နာကျင်မှုတွေဖြစ်တဲ့
ခေါင်းကိုက်ခြင်း၊ ခါးနာခြင်းတွေ တော်ရုံနဲ့ မဖြစ်ပေါ်တာ တွေ့ရပါတယ်။ ဒါဟာ ပီတိကြောင့်ဖြစ်ရတဲ့
ရလဒ်လို့ ဆိုရမှာပါ။
8.
အချစ်က ဉာဏ်ကောင်းစေတယ်
ချစ်မိပါက
ခန္ဓာကိုယ်မှ ဟော်မုန်းကို ဓာတ်တစ်မျိုးထွက်လာကာ ဦးနှောက် ဆဲလ်အသစ်တွေ ကြီးထွား
ရှင်သန်စေတာကြောင့် အာရုံကြောစနစ်နဲ့ မှတ်ဉာဏ်တွေကို ကောင်းမွန်စေနိုင်ပါတယ်။
9.
အချစ်က စိတ်ဖိစီးမှုလျော့နည်းစေတယ်
သင့်မှာ
စိတ်ညစ်စရာ၊ စိတ်ဖိစီးစရာ တစ်ခုခုနဲ့ ကြုံတွေ့လာပါက သင့်ကို
ချစ်ခင်တဲ့သူတစ်ယောက်ရဲ့ အားပေးမှုကို ရရှိတဲ့အခါ အဲဒီစိတ်ဖိစီးမှုကို ပိုပြီး
ကောင်းမွန်စွာ ဖြေရှင်းလာနိုင်ပါတယ်။ ဥပမာအားဖြင့် အလုပ်ပြုတ်လာတဲ့အခါ သင့်ကို
စိတ်ပိုင်းဆိုင်ရာရော ငွေကြေးပိုင်းဆိုင်ရာပါ အားပေးထောက်ပံ့မယ့် လက်တွဲဖော်ရှိပါက
အလုပ်ပြုတ်ပေမယ့် ခံသာတယ်လို့ ပြောနိုင်ပါတယ်။
10.
အချစ်က ကျန်းမာရေးအလေ့အ ကျင့်ကောင်းတွေ ရစေနိုင်တယ်
လေ့လာချက်တွေအရ
ပျော်ရွှင်တဲ့ အိမ်ထောင်သည်ဘ၀ကို ပိုင်ဆိုင်ထားသူတွေမှာ ကျန်းမာရေး
အလေ့အကျင့်ကောင်းတွေ ရှိနေတာ တွေ့ရပါတယ်။ ဘာကြောင့်လဲဆိုတော့ ပျော်ရွှင်တဲ့
အချစ်ဘ၀ရရှိသူတွေက ကိုယ့်ကိုယ်ကိုယ် အရင်ထက်ပိုပြီး ဂရုစိုက်တတ်သလို
ကိုယ့်ကျန်းမာရေးကို ဂရုစိုက်ပေးမယ့်သူလည်း ရှိလာတာကြောင့်ပါ။ ဥပမာအားဖြင့်
ကိုယ့်ကို ချစ်မြတ်နိုးသူက ကိုယ့်ကျန်းမာရေးတွက် ဆေးလိပ်ဖြတ်ခိုင်းတယ်ဆိုရင်
ကိုယ်ကလည်း သူ့ကိုချစ်တဲ့အတွက် သူစိတ်ချမ်းသာဖို့ ဆေးလိပ် ဖြတ်လိုက်တာမျိုးပါ။
တစ်စုံတစ်ယောက်ကို ချစ်မိသူတွေ၊ အချစ်ခံရသူတွေဟာ ကိုယ့်ကိုဂရုစိုက်မယ့်
သူရှိနေတာကြောင့် အရက် အလွန်အကျွံသောက်ခြင်း၊ ဆေးသုံးခြင်းတို့လို မကောင်းတဲ့
အကျင့်တွေဖျောက်ပြီး ကျန်းမာရေးအတွက် ကောင်းတဲ့ အကျင့်တွေ ပြုလုပ်လာတတ်ကြပါတယ်။
ဒီလောက်ဆို အချစ်နဲ့ပတ်သက်ပြီး တစ်စိတ်တစ်ဒေသ သိသွားပြီဖြစ်သလို အချစ်ရဲ့
ကျန်းမာရေးကို အကျိုးပြုပုံ တချို့ကိုလည်း သိသွားလောက်ပြီ ထင်ပါတယ်။
အဓိကပြောချင်တာကတော့ ဘာကာလာမှ မရောတဲ့အချစ်သန့်သန့်လေးနဲ့ ချစ်တတ်ဖို့ပါပဲ။
ရယူပိုင်ဆိုင်လိုစိတ်တွေက အပူမီးတောက်လောင်စေကာ အချစ်ကို အရောင်ဆိုးလိုက်သလိုပါပဲ။
ကိုယ်ချစ်နေတဲ့သူလေး စိတ်ချမ်းသာပျော်ရွှင်နေတာကို မြင်ရုံနဲ့ ကျေနပ်ပီတိဖြစ်တဲ့
စိတ်မျိုးမွေးပါ။ မေတ္တာစစ် မေတ္တာမှန်နဲ့ ချစ်တတ်ပါက စိတ်ချမ်းသာ ကိုယ်ကျန်းမာပြီး
လောကကြီးက နေပျော်လာပါလိမ့်မယ်။
mail ထဲရောက်လာတာလေးပါ....

No comments:
Post a Comment