ငါ့အိပ်မက်ဟာ မင်းဖြစ်တယ်
မင်း နားလည်ဖို့ကိုလည်း ငါ့မှာမတက်ခဲ့
ငါ နားလည်ဖို့ကိုလည်း မင်းမတက်ခဲ့လေတော့..
တစ်ယောက်နဲ့ တစ်ယောက်
အဆက်အသွယ်တွေ ပြတ်တောက်လျက်ပေါ့။
ဝမ်းနည်းစရာကွယ်
မယုံနိုင်စရာပဲလေ မင်းကို
ငါ့အပြင် တခြားသူတွေလည်း ချစ်သေးသတဲ့….?
ငါ့လား…
အိုး ..ဘာပြောကောင်းမလည်း
ကမ္ဘာလောက ကြီးထဲ ငါ့ရင်ထဲ
မင်းတစ်ယောက်တည်းသာ လှပ
ဗန်းဂိုးရဲ့ နေကြာပန်းခင်းလေးလို
မင်းဆံနွယ်လေး တွေက ၀င်းဝါ
မင်းမျက်လုံး လေးတွေ
မင်းအပြုံးလေးတွေကို အမှတ်ရနေတယ် ။
မနက် မနက်
မင်း ကိုယ်သင်းနံလေး
ငါမွှေးချင်ရဲ့..
ည ညဆိုလည်း
မင်း ရင်ငွေ့ နွေးနွေး ငါထွေးချင်သေးတယ်….
ကဲ လေ ဘယ်လောက်များရူးလိုက်သလဲလို့
မငြို ငြင်ပါနဲ့ကွယ်
အရူးတစ်ကောင် လို
သွပ်ချောင်ချောင်အတွေးတွေကို
မငြို ငြင်ပါနဲ့။
မင်းအမျက်တော်ရှ ရင်
ပန်းကလေး တွေဘယ်လှပါ့မလဲ
ပြီးတော့
ငှက်ကလေး တွေစိုးထိတ် တိုးတိတ်ကုန်လိမ့်မယ်။
ပြီးတော့
ပြီးတော့
အို ကမ္ဘာ တစ်ခုလုံး ပျက်ဆုံး
အားလုံး ဆိတ်သုဉ်း ကုန်ပါလိမ့်မယ်ကွယ်…။
စိတ်ကူးနဲ့လက်တွေ့ဘဝ
ထပ်တူမကြတာ သဘာဝပါကွယ်
ငါ့ဘ၀ လည်းမလှပခဲ့ဘူး….။
သုည ဆိုတာ နတ္ထိ
ဘာမှမရှိ မင်း ဖြည်ကြည့်ရင်သိလိမ့်မယ်…
မလာပါနဲ့ ကွယ်
ဒီလမ်းဟာ ကြမ်းတယ်...
ဒါပေမယ့် 
မင်းကို ကိုယ် (……………)
မပြောတော့ပါဘူးကွယ် ……
ငါ မပြောတော့ပါဘူး….
ရာစု နှစ် ပေါင်းများစွာ
လူတကာပြောတဲ့ စကား
ငါလဲ ဘာသားနဲ့ထုထားတာမို့လို့လည်း..။
ငါကလွဲလို့ ဘယ်သူမှမသိ
မင်းကို မင်းတောင်မသိ
မြတ်နိုးမိတယ် ..
အဲ့လို အိပ်မက် ငါဆက်မက်တယ်
နိုးတစ်ဝက်နဲ့ အဖန်တလဲလဲ။

No comments:
Post a Comment